မင်္ဂလာပါ။ ယနေ့ကတော့ Hive Platform ပေါ်ရှိ အမျိုးများအား အကူအညီ တောင်းလိုပါသည်။ ကျွန်တော့ အနေဖြင့် သစ်ပင်ပန်းမံ စိုက်ပျိုးမှုအား ဝါသနာပါသောကြောင့် ရောက်လေရာ အရပ်တွင် အပင်များ စိုက်ပျိုးခဲ့ပါသည်။
မြောက်ဒဂုံ တွင်ရှိသော မိဘများ ခြံတွင် လွတ်လွတ်လပ်လပ် စိုက်လိုသည့် ပန်းပင် စိုက်နိုင်ခဲ့၍ ကိစ္စမရှိသော်လည်း ကျွန်တော် အိမ်ခွဲ နေသော နေရာများတွင်တော့ ပန်းပင်စိုက်ရာတွင် အတော်လေး အခက်အခဲတွေ့ရပါသည်။
အိမ်ထောင်ကျပြီး ပထမဆုံးငှားနေသည့် မန္တလေး မြရည်နန္ဒာ အိမ်ယာ တွင် နေစဉ်က လည်းပန်းပင်များ စိုက်ဘူးပါသည်။ မိမိတို့က အိမ်အောက်ထပ်ငှားနေကာ ဆိုင်ခန်းဖွင့်သည်ဆိုတော့ မိမိဆိုင်ခန်းရှေ့ပတ်လည်တွင် ပန်းအိုးများဝယ်ကာ ပန်းပင်များ စိုက်ထားခဲ့ပါသည်။
နှင်းဆီမျိုးစုံ / သနပ်ခါးပင် / ယုဇန ပန်း / ဇီဇဝါ စသည်ဖြင့် ကောင်းနိုးရာရာ ပန်းပင်များ စိုက်ပျိုးခဲ့ပါသည်။ နံနက်စောစောရေလောင်း ညနေခင်း ရေလောင်း စသည်ဖြင့် ပန်းများ အပွင့်ပွင့်လာလျင် အရိပ်တကြည်ကြည် ကြည့် ရသည်မှာ အရသာရှိလှပါသည်။
ထို့နောက် ဤ အပင်တွင် အညွှန့်များ ထွက်လာပြီ အဖူး ဘယ်နှဖူး ထွက် လာပြီ စသည်ဖြင့် စောင့်ကြည့်ရသည်မှာ ကြည်နူးစရာ ကောင်းပါသည်။ ဤအရသာအား ပန်းပင်စိုက်သူတို့သာ သိနိုင်ပါသည်။
တရက်တော့ နံနက်စောစော ဆိုင်ဖွင့်စဉ် နှင်းဆီပန်းအိုး ၂ အိုးပျောက်ချင်းမလှ ပျောက်နေသည်ကို တွေ့ရပါတော့သည်။ နှမျှောလိုက်သည် ဖြစ်ခြင်း။ သူခိုးကလည်း ပန်းအိုးလိုက်မ၍ ခိုးသွားသည်ဆိုတော့ "ငါ့ အပင် ငါမပိုင်ရလည်း တနေရာတွင်တော့ လှလှပပ ဖူးပွင့်နေပါလိမ့်မည်" ဟူ၍ စိတ်ဖြေရပါသည်။
ဤသို့ဖြင့် နောက်ထပ် ပန်းမျိုးစိတ်ထပ်မံ ဝယ်၍ စိုက်ရပါတော့သည်။ ကြာနှင်းဆီခေါ် အဆုပ်အဆုပ်လိုက်ပွင့်သည့် နှင်းဆီမျိုး။ ဆိုတော့ ညဘက် ဆိုင်သိမ်းလျင် ပန်းအိုးများ ဆိုင်ထဲမရွှေ့ရသည့် ပြသနာတခုပိုလာပါသည်။ မတတ်နိုင်။ ကိုယ်က ပန်းစိုက်ဝါသနာ ပါသည်ကိုး။
သည်လိုနှင့် တလခန့်အကြာ ပန်းပင်များလည်း ဖူးပွင့်ဝေဆာကာ လှတပတ ဖြစ်နေချိန် ။ ဈေးဝယ်သူများကလည်း ပန်းများကြည့်ကာ အပျော်များကူးစက်နေကြချိန် ။ ကျွန်တော်တို့ကလည်း ဆိုင်ထဲ ထိုင်နေသည့် အချိန် ဘယ်ကရောက်လာသည်မသိသော နွားမကြီးက ပန်းပင်များအား ငုံးတိ ဖြစ်အောင် စားလိုက်ပါတော့သည်။
ဆိုင်ကယ်ဖြင့် ဖြတ်မောင်းသွားသူတယောက်မှ ပန်းပင်တွေ နွားစားနေပြီ ဟူ၍ အော်သွားပါသည်။ ကျွန်တော်ထွက်ကြည့်တော့ မှောက်သည့် ပန်းအိုးကမှောက် အပင်များအား ဆွဲစားထားသဖြင့် အပင်လိုက် အမြစ်မှကျွတ်ထွက်သည့် အပင်များ ငုံးတိဖြစ်နေသည့် အပင်များသာ တွေ့ရပါတော့သည်။
တိရစ္ဆာန် ဆိုတော့လည်း အပြစ်မတင်ရက်။ ဘာတတ်နိုင်မည်နည်း။ ထိုနေ့ကတော့ အတော်လေး ငိုချင်သွားပါသည်။ နောက်တော့ မန္တလေးတွင် အိမ်ဝယ်နိုင်သည့် အခါကျမှ ပန်းပင်ပြန်စိုက်မည်ဟူ၍ ကြုံးဝါး ထားခဲ့ပါသည်။ ဤသို့ဖြင့် ရန်ကုန် စမ်းချောင်းသို့ ရောက်ရသည် ဆိုကြပါစို့။
စမ်းချောင်း တိုက်ခန်းတွင်လည်း နောက်ဖေး ဘက်တွင် မြေကွက်လပ်ရှိရာ ကလေးကစားကွင်း လုပ်မည်ဟူ၍ စီစဉ်ပြီးမှ မလုပ်ဖြစ်။ ဆိုတော့ ထိုနေရာတွင် နံနက်ခင်း နေရောင်ရသည်ဆိုတော့ ပန်းပင်စိုက်ရန် ကြံစည်ပြန်ပါတော့သည်။
ဤနေရာတွင်တော့ ခိုးမည့်သူမရှိသလို နွားများကလည်း မရှိဆိုတော့ အဆင်ပြေပြီဟု ထင်ထားခဲ့ပါသည်။ ကျွန်တော့ ပန်းပင်များ ဖူးပွင့်ဝေဆာလာချိန် တရက်တွင် ဘယ်ကရောက်လာကြမှန်း မသိသော ၁၀ ကောင်ခန့်ရှိသော ခွေးများက အိမ်နောက်ဖေး ကွင်းပြင်တွင် ချိန်း၍ ကိုက်ကြပါတော့သည်။
ကျွန်တော့ ပန်းအိုးများလည်း မှောက်ကျသည့် ပန်းအိုး ကွဲသည့်ပန်းအိုး မြှောင်းထဲ ပြုတ်ကျသည့်ပန်းအိုးစသည်ဖြင့် ။ ပန်းစိုက်ရသည်မှာ အတော်လေး စိတ်မောစရာ ကောင်းနေပါတော့သည်။ ပန်းအိုးများ စနစ်တကျ ပြန်ထား မြေဆွေးထည့် ရေလောင်း ပေါင်းသင် ပြန်လုပ်။ ဝါးတန်းများဖြင့် ခွေးများ မဝင်နိုင်အောင် ကာထားလိုက်ပါတော့သည်။
တလခန့် အဆင်ပြေနေပါသေးသည်။ တရက် နံနက်စောစော အပင်များ ရေလောင်းရန် တံခါးဖွင့်လိုက်သော အခါ ကျွန်တော့ ပန်းအိုးများ အတွင်းသို့ မြေကြွက်ကြီးများ ဝင်တူးကာ အမြစ်များ ကိုက်ဖြတ် ထားသည်ကို တွေ့ရပါတော့သည်။ မြေဇာများကလည်း ပွစာကြဲလျက်။ စိတ်ဆင်းရဲလိုက်သည် ဖြစ်ခြင်း။
ဤသို့ဖြင့် ပန်းအိုးများ အိမ်နောက်ဖေးတွင် ထား၍ မဖြစ်တော့သည်ဆိုတော့ အိမ်ရှေ့ ရှိ ကွက်လပ်လေးတွင် ပန်းအိုးများ ရွှေ့ထားလိုက်ပါတော့သည်။ စံပယ်ပန်း / နှင်းဆီပန်း / ယုဇနပန်း / သနပ်ခါးပန်း / ဂျပန် စံပယ် စသည်ဖြင့် သူ့ပန်းအိုးနှင့်သူ။ အိမ်ရှေ့ဆိုတော့ ခွေးများ မလာ / ကြွက်များ မလာတော့ပါ။
သို့သော် တတိုက်ကျော်မှ ဦးလေးကြီးတယောက် ဘေးမဲ့ လွှတ်ထားသည့် တိုက်ကြက် ၃ ကောင်က ကျွန်တော့ပန်းပင်အရွက်များအား လာလာ၍ ဆိတ်နေပါတော့သည်။ ဆိုတော့ အချိန်ပြည့်လည်း ကြက်ထိုင်၍ မမောင်းနိုင်ပါ။ ဟုတ်ကဲ့ နောက်ထပ် ပိုက်ဆံ တသောင်းခွဲ အကုန်ခံကာ သံစကာ ဝယ်၍ ကာရပါတော့သည်။
သံစကာ ဝယ်ပြီးကာတော့မှ မိမိပန်းများ ဖူးပွင့်လာသည်ကို တဝကြီးကြည့်ရပါတော့သည်။ စံပယ်ပွင့်များ / နှင်းဆီ ပွင့်များ အတော်လေးလှပါသည်။ ဒုက္ခကမပြီးသေးပါ။ ယခုတလော လွန်ခဲ့သော တပတ်ခန့်မှ စပြီး ပြသနာ တခုတက်နေပါသည်။
ထိုပြသနာမှာ ယင်ကောင် ဖြစ်ပါသည်။ ထိုယင်ကောင်များမှာ ပန်းပင် အညွန့်များ အဖူးများတွင် နားကာ မစင်စွန့်ပါသည်။ မဲမဲ အစက်ကလေးများ ဖြစ်ပါသည်။ ကျွန်တော် ဓါတ်ပုံရိုက်ပြထားပါသည်။ ဤ မဲမဲ အစက်ကလေးများ ရှိနေသော အရွက် အညွန့် များသည် ၂ / ၃ ရက်ခန့်ကြာလျင် အရွက်များတွန့်လိမ် လာကာ ခြောက်သွေ့သွားပါသည်။ ပန်းပွင့် အဖူးဆိုလျင်လည်း မပွင့်နိုင်ပဲ ကြွေသွားပါတော့သည်။
ကျွန်တော်လည်း ပန်းပျိုးပင်များရောင်းသော ဆိုင်များမှ ကောင်းနိုးရာရာ ပိုးသတ်ဆေး များဝယ်ယူကာ ဖျန်းပေးပါသည်။ မရပါ။ ယင်ကောင်များက နားဆဲ မစင်စွန့်နေဆဲ ဖြစ်ပါသည်။ ကျွန်တော်လည်း အရင်ဘဝက သူများ ပန်းပင်များအား အတော်လေးဖျက်ဆီးခဲ့သူ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် စာရှုသူ မိတ်ဆွေများကလည်း ကျွန်တော့ အပင်များ ကြုံတွေ့နေရသော ပြသနာများ အတွက် အကြံဉာဏ် လေးများ ပေးကြပါရန် တောင်းဆိုလိုက်ရပါသည်။
Henry Aung ( Kachin )
07/05/2022 - Saturday - 17;53 Pm