မင်္ဂလာပါ။ ကျွန်တော်ငယ်ငယ်က မြစ်ကြီးနား စီတာပူ ရပ်ကွက်တွင်ရှိနေစဉ်က ကျွန်တော်တို့ အိမ်နီးနားချင်းများမှာ ဂေါ်ရခါး ကုလားများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ အိမ်ဘေးရှိ ဂေါ်ရခါး ကုလားများမှာ ဇတ်မြင့် ဖြစ်ဟန်တူပါသည်။
အချမ်းသာ ကြီးမဟုတ်သော်လည်း အိမ်မှာ သန့်ရှင့်သပ်ရပ်ပါသည်။ ခြေတံရှည် အိမ်တွင် အိမ်အောက်ထပ် ဟာလာဟင်းလင်း ဖွင့်ထားကာ မြေစိုက် ခုံရှည်များ ချထားသလို ထိုအိမ်အောက် တမံတလင်းမှာ နွားချေးနှင့် မြေစေးရောကာ မံထားခြင်း ဖြစ်ပါသည်။
ထို့အတူ မီးဖိုချောင် တမံတလင်းမှာလည်း အတူတူသာ ဖြစ်ပါသည်။ တော်ရုံ တစိမ်းအား မီးဖိုချောင်သို့ အဝင်မခံပါ။ မိမိတို့အိမ်သားများ သောက်သော သောက်ရေခွက်နှင့် တစိမ်းအား တိုက်သော သောက်ရေခွက်တို့ သပ်သပ်စီ ရှိပါသည်။ ဂေါ်ရခါး ကုလားတို့ကာ အနေအထိုင် ရိုးသား သလောက် စိုက်ပျိုးရေးနှင့် မွှေးမြူရေးတွင် အင်မတန်မှ တော်ပါသည်။
ကျွန်တော်တို့ ငယ်ဘဝက ထိုဂေါ်ရခါး ခလေးများဖြင့် ကစားဖေါ်ကစားဖက် ဖြစ်သောကြောင့် ဂေါ်ရခါး စကားအား ထမင်းစားရေသောက်လောက်တော့ ကျွန်တော်တို့ ကချင်ကလေးတိုင်း ပြောတတ်ပါသည်။
ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရသည် ဗီဒီယို ဇတ်ကားများတွင် မြွှေမင်းသမီး မြွှေမင်းသား ကားများ ခေတ်စားသလို ထိုအချိန်က မြန်မာတို့ နာမည်ပေးထားကြသည့် ကုလားကျော်ဟိန်း / ကုလားကျော်သူ / ကုလားမို့မို့မြင့်အောင်များလည်း ရှိပါသည်။ ဂျက်ကီရှောဗ် / ဒေ့ဖ့်အာနန်း တို့ ဖြစ်ပါလိမ့်မည်။ အမီတာဘချမ်း တို့ စပြီးနာမည်ကြီးလာချိန် ဖြစ်ပါသည်။
ထားပါ။ ဤသည်က ကျွန်တော်ငယ်ငယ်က ကြုံရသည့် ကုလားများ ဖြစ်ပါသည်။ မြစ်ကြီးနားတွင် ၇ တန်အောင်ပြီးနောက် ရန်ကုန် ဒဂုံတက္ကသိုလ် သို့ ပြောင်းသွားခဲ့သော အခါ အိမ်နီးချင်းမှာ လည်း ကုလားမိသားစုသာ ဖြစ်ပါသည်။ ဟိန္ဒူ တမီလ်ကုလား မိသားစု ဖြစ်ပါသည်။
ဆိုတော့ ကျွန်တော့ သူငယ်ချင်းများတွင် ကုလားပါလာရပြန်ပါပြီ။ ကျွန်တော့၏ သူငယ်ချင်း ၏ အမည်မှာ မရမ်းသီး ဖြစ်သလို သူ့ညီ၏ အမည်မှာ ပူလ်ရီးယား ဖြစ်ပါသည်။ ပူလ်ရီးယားကတော့ ပညာသင်သည်အား စိတ်မဝင်စားပါ။ သူကတော့ ပိုက်ဆံရှာသည်ဘက် ပိုအားသန်၍ ၈ တန်းနှင့် ကျောင်းထွက်သွားသည်ဟု ထင်ပါသည်။
ကျွန်တော်လည်း အပေအတေ ပူလ်ရီးယား နှင့် အတော်လေး တွဲလိုက်ပါသေးသည်။ သူနှင့်တွဲပြီး ရန်ကုန် မရမ်းကုန်း တခွင် ပြဲပြဲစင်အောင် လျှောက်သွားဘူးသည့် အပြင် တချိန်က နာမည်ကြီး R.I.T ခေါ် ရန်ကုန်စက်မှု တက္ကသိုလ် သို့လည်း ရောက်သွားခဲ့ရပါသည်။ တက္ကသိုလ် ဘောလုံးကွင်းတွင် ဘောလုံးသွားကန်ကြခြင်း ဖြစ်ပါသည်။ ဤသည်က ကျွန်တော် အထက်တန်းကျောင်းသားဘဝတွင် တွေ့ရသော ကုလားများ ။
ထို့နောက် ဆယ်တန်းအောင် တက္ကသိုလ်တက်ပြီး စင်္ကပူ တွင် အလုပ်သွားလုပ်သောအခါတွင်တော့ ကုလားပေါင်းစုံနှင့် တွေ့ရပါတော့သည်။ အိန္ဒိယ မြောက်ပိုင်းကုလား / အလယ်ပိုင်းကုလား / တောင်ပိုင်းကုလား / နီပေါ ကုလား စသည်ဖြင့်။
အိန္ဒိယ မြောက်ပိုင်းကုလား မှာ ဘုံဘေ / မဒရပ် အစရှိသော မြို့ကြီးများမှ ကုလားများက စာတတ်ပေတတ် ကုလားများ ဖြစ်ကာ များသောအားဖြင့် MBA / IT / Engineer များ ဖြစ်ကြပါသည်။
အိန္ဒိယ အလယ်ပိုင်း ဘီဟာ / ဂူဂျာရတ် / တမီလ်နာဒူ အစရှိသော အရပ်မှ ကုလားများကတော့ လုံးဝ အလုပ်ကြမ်းသမားများ ဖြစ်ကာ လယ်/ ယာ / အုတ်ဖုတ် အလုပ်သမား များကူလီ များ ဖြစ်ကြပါသည်။ နိုင်ငံရပ်ခြားသို့ ထွက်၍ အလုပ်ကြမ်း လုပ်ကြသော ကုလားများမှာ ဤ အိန္ဒိယ အလယ်ပိုင်းမှ ဖြစ်ကြပါသည်။
တောင်ပိုင်းရှိကုလားများကတော့ အနည်းငယ်လူရည်သန့်သည်ဟု ဆိုရပါမည်။ ဤ အိန္ဒိယ တောင်ပိုင်းရှိ ကူချင်း မြို့ကလေးမှာ အလွန်သာယာသလို ထိုမြို့ရှိ ကုလားမလေးများကလည်း အလွန်ချောသည်ဟု နာမည် ကြီးပါသည်။
စင်္ကပူမှ ပြန်လာပြီးနောက် မဟေသီနှင့် လက်ထပ်ရန် ပြင်ဆင်နေချိန်တွင် မန္တလေးတွင် တိုက်ခန်း ငှားနေဖြစ်ပါသည်။ ထိုအချိန်က မဟေသီမှာ မန္တလေး ဆေးရုံကြီးတွင် တာဝန်ကျနေချိန်ဆိုတော့ သူအဆင်ပြေသည့် နေရာ တိုက်ခန်းငှားခိုင်းလိုက်ပါသည်။
ကျွန်တော် ရောက်သွားသည့် အချိန်တွင် တိုက်ခန်းက ငှားပြီးပါပြီ။ ၄ လွှာ တွင် ဖြစ်ကာ မန္တလေး ပုဏ္ဍား ရပ်ကွက် တွင် ဖြစ်ပါသည်။ မင်္ဂလာ ဈေးသစ် ( ယာယီ ) ဈေးနားတွင် ဖြစ်ကာ နေရထိုင်ရသည်မှာ အတော်လေး အဆင်ပြေပါသည်။
ကျွန်တော်တို့ နေသော တိုက်၏ ဘေးဘယ်ညာတွင် ပုဏ္ဍား ဝင်းကြီးများရှိပါသည်။ ဝင်းဆိုသည့် အတိုင်း ခြံဝင်းထဲတွင် အိမ်များက ဟိုတလုံး ဒီတလုံး ဖြစ်ကာ အိမ်ကြီးရော အိမ်ကလေးပါ ရှိသမျှ မိသားစုများအားလုံး ထို ဝင်းထဲတွင် အိမ်ဆောက်နေကြခြင်း ဖြစ်ဟန်တူပါသည်။ တခုသာ ပြောစရာရှိသည်ကတော့ ညနေစောင်းလာ၍ အပုပ်ချိန်ရောက်လာလျင် ပုဏ္ဍားရပ်ကွက် အတွင်းမှ စီခနဲ့ စီခနဲ့ ဒုတ်ဆွဲ ဓားဆွဲ အသံများ ထွက်လာ တတ်ခြင်း ဖြစ်ပါသည်။
နောက်တခုကတော့ တပတ်လျင် အနည်းဆုံး တကြိမ်တော့ ပွဲလမ်းသဘင် ရှိခြင်းပင် ဖြစ်ပါသည်။ ပွဲလမ်းသဘင်ကလည်း ရိုးရိုးလုပ်ခြင်း မဟုတ်ပါ။ Hijet ကားများပေါ်တွင် ဆောင်းဘောက်ကြီးများတင်ကာ အုပ်စုလိုက် ကကြခြင်းပင် ဖြစ်ပါသည်။ Hijet ကလည်း တစီးတည်းမဟုတ် အနည်းဆုံး ၃ / ၄ စီးဖြစ်ပါသည်။
ကုလားများ ရုပ်ရှင်ထဲတွင်သာ ကကြသည် အောက်မေ့တာ အပြင်တွင် တကယ်ကကြခြင်း ဖြစ်ပါသည်။ ရှေ့ဆုံးက ကားက ကုလားသီချင်း " ဂျာနီဒေဟေ တပ်ဆေဟေ တုမ်း .... ဂျာနီဒေဟေ တပ်ဆေးဟေးတုမ် " စသည် သီချင်း ဖြင့် ကသွားလျင် နောက်တဖွဲ့က " ဂါဘီ ဂူရှီး ဂါဘီးဂမ်း ..... နားဂျူဒါဟေး.... ဂါဘီဂူရှီး ဂါဘီဂမ်း " အစရှိသော နာမည်ကြီးကုလားကားဖြစ်သည့် Gabi Gushi Gabi Gham ထဲမှ ဇတ်ဝင်သီချင်းဖြင့်ကကြပါသည်။
နောက်တဖွဲ့ကတော့ " ဒူမတ်ချာလေး ... ဒူမတ်ချာလေ ... ဒူမတ်ချာလေး ... ဒူမတ်ချာလေ..." ။ ကြည့်၍တော့ အတော်ကောင်းပါသည်။ မင်္ဂလာဆောင်လည်း က / ရှင်ပြုအလှူလည်းက / ဘုရားပွဲလည်း က အတော်လေး ပျော်စရာကောင်းသော ပုဏ္ဍားရပ်ကွက် ဖြစ်ပါသည်။
ဤသို့ဖြင့် မန္တလေးမှ ပြောင်းပြီး ရန်ကုန် စမ်းချောင်းတွင် အခြေချသော အခါ ကုလားများနှင့် ဝေးသွားပြီဟု ထင်ခဲ့ပါသည်။ မပြီးသေးပါ။ ဘေးအိမ်မှ အန်တီကြီးက ပဲကုလားဟင်း ချက်ရောင်းသောကြောင့် တပတ်လျင် တခါလောက်တော့ အနည်းဆုံးဝယ်စားဖြစ်ပါသည်။ ကျွန်တော်ကလည်း ကုလားစာကြိုက်သည်ကိုး။ ပဲကုလားဟင်း / ငါးခြောက်အာလူး ဂေါ်ရင်ဂျီချက် / အာလူးပူရီ .... ဖက်ရွက်ထဲတွင် ပုံစားရသည့် ချစ်တီးထမင်းဟင်း ..... ရေးရင်းကပင် ပါးစပ်စိုလာပါပြီ။
Henry Aung ( Kachin )
22/05/2022 - Sunday - 17;34 Pm