မင်္ဂလာပါ။ ခေါင်းစဉ်ကြည့်လိုက်သည်နှင့် ကိုဟင်တယောက်တော့ ရေသန့်ဘူးခွံ / ဖိနပ်စုတ် များ လိုက်ကောက်သည့် ဘဝရောက်နေပြီ ဟု ထင်ကောင်းထင်ကြပါလိမ့်မည်။ ကြင်စိုး နောက် ၃ နှစ်လောက် သက်ဆိုးရှည် နေလျင်တော့ မပြောတတ်ပါ။ ယခု ကျွန်တော်ပြောလိုသော ဖိနပ်ကတော့ Nike ဖိနပ်များ Application ထဲတွင် လိုက်ကောက်ရခြင်း ဖြစ်ပါသည်။
ယခုတလော စာရေးရသည်မှာ လက်မသွက်လှပါ။ စာရေးတော့မည်ဆိုလျင် ဦးနှောက်က ဟာလာဟင်းလင်း ဖြစ်သွားလေ့ရှိပါသည်။ ဘာအကြောင်း ရေးလျင် ကောင်းမည်လဲ ဟူ၍ ထိုင်စဉ်စားနေရသည်ကပင် နာရီဝက် တနာရီ။ တခါတလေတော့လည်း မနက်ဖြန်မှ ရေးတော့မည်ဟူ၍ ဖုန်းချထားလိုက်ပါသည်။
သို့သော် တရက် တပုဒ်မဟုတ်တောင် ၂ ရက် တပုဒ်ကတော့ ရေးမှ ဖြစ်မည်။ သို့မှ Ecency ဖြင့် Boost ရလျင် အဆင်ပြေမည်ဟူ၍ အားတင်းရပါသည်။ နေ့တိုင်းPost တင်၍ Ecency ဖြင့် Boost လျင်လည်း တရက်ခြားတခါသာ လာ၍ Vote ပေးသောကြောင့် ၂ ရက်တခါ post တင်နေရခြင်း ဖြစ်ပါသည်။
သည့်အပြင် လွန်ခဲ့သော ရက်ကတင်ခဲ့သည့် Post တွင် Ecency က အပြည့် လာ၍ Vote မပေးပါ။ Point 500 ဖြင့် Vote ပေးလျင် 3.3$ ရရမည် ဖြစ်သော်လည်း 2.3$ လောက်သာ ရခဲ့ပါသည်။ သူ့အားလည်း သွားမပြောရဲ။ တော်ကြာ ဂဂျီဂဂျောင် များသည်ဟူ၍ vote မပေးတော့လျင် ဒုက္ခများ ရအုံးမည်။ မတတ်နိုင်။ လုပ်ပေါ့ ရှင်တို့ကရဲတွေကိုး။
ခုတလော သူများက ဖိနပ်စုနေကြသည်ဟူ၍ ကိုယ်လည်း ဘာရယ်မဟုတ် လမ်းလည်းလျှောက်စေ ဝိတ်လည်းကျစေ ဖိနပ်လည်းရစေဟူ၍ Applications လေးသွင်းကာ လမ်းလျှောက်ရန် မြေပုံကြည့်လိုက်ပါသည်။ ကိုယ့် အနီးနားတဝိုက်တွင် လမ်းများပေါများလှသော်လည်း ပေးထားသည့် သေတ္တာများက တောင်တလုံး မြောက်တလုံး။
အနီးနားပတ်လည် ကျွန်းတောလမ်း ဗဟိုလမ်း လောက်ဆိုတော်သေး။ ပထမဆုံးနှင့် အနီးဆုံး သွားယူရမည့် သေတ္တာက ကြည့်မြင်တိုင် ညဈေးအနီး။ Taxi ဖြင့် သွားလျင်တောင် အနည်းဆုံး ၃၀၀၀ လောက်တော့ ပေးရမည်။ အသွားအပြန်၆၀၀၀ ကျပ်။ ၆၀၀၀ ဆိုလျင် မိုးတွင်းစီး ကြက်ပေါင် ဖိနပ် တရံကတော့ ရနိုင်ပါပြီ။ Application တွင်ယူမနေတော့ပါ။
ကျွန်တော့ အိမ်မှ ကြည့်မြင်တိုင်ညဈေး အထိ အသွားအပြန် လမ်းလျှောက်ရလျင်တော့ သေချာပါသည် ညရောက်လျင် လင်ဇီးဒါဏ်ကြေးဆေး ၂ ဘူးလောက်ကုန်မည် ဖြစ်ပါသည်။ နောက်ထပ် ဖိနပ်သေတ္တာ ဘယ်မှာ များရနိုင်သေးသနည်းရှာကြည့်တော့ ပြည်လမ်းပေါ်ရှိ Mytel ရုံးချုပ်ဘေးတွင် ချထားပေးပါသည်။
Mytel ရုံးချုပ်အနီးနားသွား ကာ ဖုန်းလေးတကိုင်ကိုင် ဖြင့် ဆိုလျင်တော့ ငါးပိကြော်နံ့ ရနေပါတော့သည်။ ဖိနပ် App ကတော့ မြွေဖမ်းနေပါပြီ။နောက်တနေရာ ဘယ်နေရာများ ဖိနပ်သေတ္တာရနိုင်ပါသေးသနည်း မြေပုံကြည့်တော့ ပြည်လမ်းပေါ်မှာ။ ကျွန်းတောလမ်း ဘုန်းကြီးကျောင်းမှ ပြည်လမ်းဘက် ဖြတ်ထွက်လျင် ၁၀ မိနစ်သာသာ လမ်းလျှောက်ရပါသည်။
ဒီတလုံးတော့ ရအောင်ယူမည်ဟူ၍ မြေပုံအား အကျယ်ချဲ့ကြည့်သော အခါ ဖိနပ်သေတ္တာ ချထားပေးသည့် နေရာက Hotel Liberty ဟူလို။ Hotel ထဲဝင်ပြီး သေးပေါက်ပါရစေ ခွင့်တောင်းကာ ဖိနပ်သေတ္တာ လိုက်ရှာရမည်ပုံ။ လောလောဆယ်အထိတော့ ဖိနပ် သေတ္တာ တလုံးမှ မကောက်ရသေးပါ။
ကျွန်တော့ မိတ်ဆွေများအား မေးလိုသည် သည်ဖိနပ် သေတ္တာချထားပေးသည့် location သည် အမြဲတမ်းပြောင်းနေသည်လား သို့မဟုတ် Fix လုပ်ထားသည်လား ဆိုသည်ကို သိချင်ပါသည်။ အခြားသူငှာများ ဖိနပ် တရံပြီး တရံ ရနေချိန် ကိုဟင်တို့ကတော့ ခြေဗလာဖြစ်နေဆဲ။ ကိုဟင် လုပ်ပြီဆိုလျင် အထစ်အငေါ့ကလေး ဖြစ်ရမှ။
Henry Aung ( Kachin )
30/05/2022 - Monday - 17;54 Pm