မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ မဟုတ်သလို ဘဏ်လုပ်ငန်း အကြောင်း နားလည်သူလည်း မဟုတ်ပါ။ ယခု ကျွန်တော် ဖေါ်ပြပေးမည့် ငွေကြေးမှသည် Cryptocurrency ဟူသော အကြောင်းသည် ကျွန်တော်လေ့လာထားသမျှ ငွေကြေး များအကြောင်း ဖေါ်ပြပေးရခြင်းသာ ဖြစ်၍ အမှားအယွင်း တစုံတရာ ပါဝင်သွားလျင် လေ့လာသူ ကျွန်တော်၏ အားနည်းချက်သာ ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။
ကျွန်တော့ အနေဖြင့် Cryptocurrency အကြောင်းရေးမည်ဆိုကာမှ ကျလာလိုက်သည့် Cryptocurrency ဈေးက ကြောက်ခမန်းလိလိ။ လွန်ခဲ့သော လက မိမိ Wallet တန်ဖိုးနှင့် ယနေ့ မိမိ Wallet တန်ဖိုးနှင့် ဘားမျှ မဆိုင်ပါ။ မိမိလည်း ဘားမျှ ထွေထွေထူးထူး မလုပ်ရပါပဲနှင့် တန်ဖိုးများ အလိုလို လျော့နည်း သွားရပြီ ဖြစ်ပါသည်။ ရှိစေတော့။ ငွေကြေးများ အကြောင်း ဆက်ကြပါအုံးစို့။
ငွေကြေးဟု ဆိုလိုက်သည်နှင့် အစိုးရ နှင့် အာဏာ တွဲပါလာပြီ ဖြစ်ပါသည်။ အစိုးရ အာဏာနှင့် ငွေကြေးသည် အမြဲတမ်း ဒွန်တွဲ နေခဲ့သည်မှာ နှစ် ပေါင်း ထောင်နှင့်ချီကြာပြီ ဖြစ်ပါသည်။
ကျွန်တော် သတိထားမိသည်မှာ လူသားတို့ တိုးတက်လာရာ ခေတ်တလျှောက် စိုက်ပျိုးမွေးမြူရေး / လက်မှု လယ်ယာ / စက်မှု လယ်ယာ / စက်မှု ခေတ်ပြောင်း တော်လှန်ရေး / Digital ခေတ် နှင့် နောက်ဆုံး Information Technology ခေတ်အထိ ပိုက်ဆံ ဟူသော ငွေကြေးအား သုံးစွဲခဲ့ကြပါသည်။ စာသင်ကျောင်းများ တက္ကသိုလ် များတွင် ပညာရပ်ပေါင်းများစွာ သင်ကြားပေးကြသော်လည်း ငွေကြေး အကြောင်း သင်ကြားပေးမှုမရှိခဲ့ကြပါ။
ဆိုလိုသည်မှာ ငွေကြေးအား မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ဟူသော Money Managing ( Financial Management )ပညာရပ်ရှိသော်လည်း လက်ရှိ သုံးစွဲနေသော ငွေကြေးအပြင် နောက်ထပ် ငွေကြေးအသစ်တမျိုးအား မည်သို့ ဖန်တီးနိုင်သည်ဟူ၍ သင်ကြားပေးသော ပညာရပ်မရှိပါ။ ( ရှိကောင်းရှိမည် ဖြစ်သော်လည်း ကျွန်တော်လေ့လာမှု အားနည်းသောကြောင့် မသိခြင်းလည်း ဖြစ်န်ုင်ပါသည်) ။
အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း ဆိုသော် အထက်တွင် ဖေါ်ပြခဲ့သော အစိုးရ အာဏာနှင့် ငွေကြေး တို့ကြောင့် ဖြစ်ပါသည်။ အကျယ်ချဲ့၍ ရှင်းပြပေးပါမည်။ ဤ အကြောင်းအရာများ ဖေါ်ပြရာတွင် ရွှေ / ငွေ / ကြေး တို့အား ဒင်္ဂါးသွန်းလုပ်ကာ ကုန်ပစ္စည်းများ ဖလှယ်ရာတွင် တဆင့်ခံ ငွေကြေးအဖြစ် အသုံးပြု ခဲ့ကြသည့် အကြောင်းအား စာလေးမည်စိုး၍ ချန်လှပ်ထားခဲ့ပါမည်။
၁၇ ရာစု အလယ်ခန့်တွင် ဥရောပရှိ ကုန်သယ်ကြီးများက နိုင်ငံရပ်ခြား ဒေသများသို့ ကုန်သွယ်ရာတွင် ရွှေငွေ ဒင်္ဂါးများ သယ်ယူကုန်သွယ်ခြင်းထက် IOU ခေါ် ရွှေနှင့် နောက်ခံထားသည့် အာမခံစက္ကူပိုက်ဆံအား စတင် အသုံးပြုလာကြပါသည်။
ဥပမာ ကုန်သယ်ကြီး ဦးလှသည် နာမည်ကြီးသော ဝိုင်ကုန်သယ် တယောက် ဖြစ်သည်ဆိုပါစို့။ ဦးလှသည် သူ၏ နာမည်ကြီး ဝိုင်ပြုလုပ်ရန် စပျစ်ခြံပိုင်ရှင် ဦးမြ ထံမှ စပျစ်သီး တန်ချိန် တစ်တန် ဝယ်ယူလိုသည်။ စပျစ်သီး တစ်တန်၏ တန်ဖိုးမှာ ရွှေ ၅၀ သားရှိသည် ဆိုပါစို့။ ဦးလှက စာရွက် တရွက်တွင် ကျွန်တော့လက်မှတ်ပါ ဤ စာရွက်သည် ရွှေ ၅၀ သား တန်ဖိုးရှိသည်။ ဤစာ ရွက်ပြ၍ ကျွန်တော့ ထံတွင် ရွှေ ၅၀ သား အချိန် မရွေး ထုတ်ယူနိုင်ပါသည် ဟူသော အာမခံ စာရွက်မျိုး ဖြင့် ဦးမြ ထံမှ စပျစ်သီးဝယ်ယူလိုက်ပါသည်။
ဦးမြကလည်း ဦးလှ၏ ဂုဏ်သိက္ခာကို ယုံသောကြောင့် လက်ခံလိုက်ပါသည်။ ဦးမြကလည်း အခြားသော ပစ္စည်းများ ဝယ်ယူလိုလျင် ကုန်သည်ကြီး ဦးလှ ၏ အာမခံ စာရွက်ဖြင့် ကြိုက်သည့် ဆိုင်တွင် သွားဝယ်နိုင်ပါသည်။
ဤသည်မှာ ကျွန်တော် ဥပမာ ပြခြင်းသာ ဖြစ်၍ ကုန်သည်ကြီးဦးလှ ထံတွင် ရွှေ တပဲသား အာမခံစာရွက် / တမူးသား အာမခံစာရွက် / တကျပ်သား / တဆယ်သား စသည်ဖြင့် အာမခံစာရွက် မျိုးစုံ ရှိရာ နောက်ဆုံး လက်ခံသူက အာမခံစာရွက်အား ဆက်လက်အသုံးမပြုလိုတော့လျင် ဦးလှထံသို့ ထိုအာမခံစာရွက်ပြ၍ တန်ဖိုးရှိသလောက် ရွှေများအား လက်ငင်းထုတ်ယူ နိုင်ပါသည်။
ဤသို့ အာမခံစာရွက် ဖြင့်ကုန်စည် ဖလှယ်ကြရာတွင် လျင်မြန်လွယ်ကူသော ကြောင့် လူအများ အကြိုက်တွေ့ကြကာ ခဏအတွင်း၌ပင် ကုန်သယ်ကြီးများက ကြီးပွားတထက် ကြီးပွားသွားကြပါသည်။ အဘယ့်ကြောင့် ဆိုသော် အာမခံစာရွက် သည် ယနေ့ ထုတ်ပေးလိုက်ပြီး နောက်တနေ့ ရွှေလာထုတ်မည့်သူ မရှိပါ။
ထိုအာမခံစာရွက် တနေရာပြီးတနေရာ တယောက်ပြီးတယောက် ငွေကြေး အဖြစ် ဆက်လက် အသုံးပြုနေသည်ဖြစ်၍ ကုန်သည်ကြီးများက နေ့စဉ် ပိုက်ဆံ ရိုက်ထုတ်နေသော စက် ဖြစ်မှန်းမသိဖြစ်လာကာ ပိုမို ကြီးပွားချမ်းသာလာကြပါသည်။ ဤ IOU ခေါ် အာမခံ စာရွက် သည် ဘဏ်လုပ်ငန်းများ၏ အစဦးပင် ဖြစ်ပါသည်။
အလယ်ခေတ်တွင် ကုန်သည်ကြီးများက ဤသို့ အာမခံစာရွက်များဖြင့် မတရားကြီးပွားချမ်းသာလာသောအခါ တဖြည်းဖြည်း မြို့ပြများမှ ရွေးကောက်ခံ အမတ်ဖြစ်လာပြီး နန်းတွင်းသို့ ဝင်ရောက်စွတ်ဖက် နိုင်သည့် အခွင့်ထိရှိလာပါတော့သည်။ ဤသည်မှာ အစိုးရ အာဏာနှင့် ငွေကြေးတို့၏ အစပင်ဖြစ်ပါသည်။
အလယ်ရာစု ဥရောပ ဘုရင်များသည် ဘာသာရေး စစ်ပွဲများ / မိမိနယ်မြေချဲ့ထွင်းသည် ကျုးကျော်စစ်ပွဲများ / ကုန်သွယ်ရေး စစ်ပွဲများစသည်ဖြင့် စစ်ဖြစ်နေကြသည်ဖြစ်ရာ စစ်စရိတ်စက ထောင်းလာပါတော့သည်။ ဘုရင်က စစ်စရိတ်ထောင်းလာသောအခါ ကုန်သည်များနည်းတူ အာမခံစာရွက် ထုတ်ရောင်းရပါတော့သည်။
ဘုရင်ကထုတ်သည့် အာမခံစာရွက်အား Bond ဟု ခေါ်ပါသည်။ ဘုရင်၏ တံဆိပ်တုံးပါ ဤစာရွက်သည် ရွှေ တဆယ်သား တန်ဖိုးရှိပါသည်။ လက်ရှိ အချိန်တွင် ဤစာရွက်တရွက်အား ရွှေ ၈ ကျပ်သား ဖြင့် ရောင်းပါမည်။ တနှစ်ပြည့်လျင် ဤ စာရွက်ပြ၍ ဘုရင့် ဘဏ္ဍာ တိုက်မှ ရွှေ တဆယ်သား ထုတ်ယူ နိုင်ပါသည် ဟူသော Bond မျိုး ဖြစ်ပါသည်။
ဤသို့သော Bond များကလည်း မည်သူဝယ်ယူနိုင်သနည်း ဆိုသော် အထက်တွင် ဖေါ်ပြခဲ့သော အာမခံ စာရွက်များဖြင့် မတရား ချမ်းသာ လာကြသော ကုန်သည်ကြီးများကသာ ဝယ်ယူ နိုင်ပါသည်။ အရိုးရှင်းဆုံး ပြောရလျင် ဘုရင်အား ရွှေ ၈ ကျပ်သား ပေးထား၍ တနှစ်လျင် ရွှေ ၂ ကျပ်သား အတိုး ယူနေခြင်း ဖြစ်ပါသည်။
သူဌေး သူကြွယ် ကုန်သည်များက ဆုံးရှုံးစရာ ဘားမျှ မရှိပါ။ ဘုရင်ကသာလျင် ထို ရွှေ များအတွက် အရင်း နှင့် အတိုး ဆပ်နိုင်ရန် အခွန် တိုးကောက်ရပါတော့သည်။ ဆိုတော့ အခွန်ထမ်းပြည်သူတို့ ဒုက္ခရောက်ကြရပါသည်။
ဤ အစိုးရ အာဏာ နှင့် ငွေကြေးသည် ယခုမှ ပြည်သူများအား နှိပ်စက်သည် မဟုတ်ပါ အလယ်ရာစု စက္ကူ ငွေကြေး စတင် ပေါ်ပေါက် လာကတည်းကပင် အခွန်ထမ်းပြည်သူများအား နှိပ်စက်နေခဲ့ပြီ ဖြစ်ပါသည်။
ခေတ်အဆက်ဆက် ငွေကြေးဖြင့် ချမ်းသာ ခဲ့ကြသူများသည် နောက်ထပ် သူတို့၏ ချမ်းသာ ကြွယ်ဝမှုအား ယျဉ်ပြိုင်မည့် မည်သည့် ငွေကြေးမျိုးမှ မလိုချင်တော့ပါ။ ထို့ကြောင့် နှစ်ပေါင်း ၃၀၀ ကျော်လာသည့်တိုင် စက္ကူ ငွေကြေးအား ယှဉ်ပြိုင်မည့် မည်သည့် ငွေကြေးအသစ်မျှ ထွက်လာခြင်း မရှိတော့ပါ။ သို့သော် ထိုကာလသည် ၂၀၀၉ ခုနှစ် Satoshi Nakamoto အမည်ရှိ လူတယောက်က Bitcoin ဟူသော ငွေကြေးတမျိုး တီထွင်လိုက်ရာတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါသည်။
နောက်ဆောင်းပါးတွင် သူဌေးသူကြွယ် တို့ နိုင်ငံရေးတွင် မည်သို့ ခြေထိုးကစားပြီး ငွေကြေးပိုမို ကြွယ်ဝလာစေရန် လုပ်ဆောင်ကြသည့် အကြောင်းများ ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
17/05/2022 - Thursday - 17;58 Pm