တစ်နေ့က ကျမတို့မိသားစုတွေ စဉ့်ကိုင်ကိုအလည်တစ်ခေါက် ရောက်သွားကြပြန်သည်။ တူမဖြစ်သူ၏အဖွားဆုံးတာ သုံးနှစ်ပြည့် ဆွမ်းကျွေးဖြစ်သဖြင့် သွားကြခြင်းဖြစ်သည်။ ကျွေးမှာက အမဲသား ဒံပေါက်ဖြစ်သည်။ သွားမည့်သူတွေက ကျမတို့တစ်အိမ်လုံးအပြင် ဘေးအိမ်က အမွှာတို့မိသားစုပါ လိုက်ကြမည်ဖြစ်သည်။ လိုက်မည့်သူ ဦးရေနှင့် ကားက ကွက်တိ။ အားလုံးကျပ်ကျပ်သပ်သပ်လိုက်လာကြ သည်။
အမွှာနှစ်ကောင်ကတော့ သူချစ်တဲ့သူတွေ ကားပေါ်အကုန်ပါသဖြင့် ပျော်နေကြသည်။ ကျမတို့တွေလည်း အမွှာလေးတွေအား ချော့ရင်း မြှူရင်းဖြင့် လိုက်လာကြသည်။ စဉ့်ကိုင်ရောက်တော့ ထမင်းစားချိန် နှင့် ကွက်တိ။ အကျွေးအမွေးက အမဲသားဒံပေါက်ဆိုပေမယ့် ကြက်သားနှင့် ဝက်သားလည်းပါသည်။ ကိုယ်ကြိုက်နှစ်သက်ရာအသားကို စားနိုင်ပါသည်။ ကျမကတော့ အမဲသားတစ်မယ်သာစားလိုက်သည်။
စားပြီးအချိုတည်းတော့ ရေခဲမုန့်နှင့် ကိတ်မုန့်အပြင် သစ်သီးများ လည်းပါသည်။ လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ ပန်းသီးအပြင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းဆိုတော့ ကျမတို့တစ်တွေ စားလိုက်ကြ တာ ဗိုက်တောင်လေးသည်။ စားသောက်ပြီးသောအခါ တူလေးခြံကို ဆက်သွားကြသည်။ ခြံထဲရောက်တော့ ခြံထွက်နွားနို့စစ်စစ်တွေ တိုက် ပြန်သဖြင့် အားနာပါးနာသောက်ရပြန်ပါသည်။
နေ့လည်ရောက်တော့ အမွှာတို့အမေက ကျောက်ဆည်ဘုရားတွေ မရောက်ဖူးသေးဆိုသဖြင့် တူလေးတို့ခြံမှတဆင့် ရှင်ပင်ဆတ်သွား ဘုရားကို သွားကြပြန်ပါသည်။ ဘုရားဖူးမဟုတ်ဘဲ ဘုရားလည်ဖြစ် သည်။ ဘုရားဖူးများက မရှိသလောက်ရှားသည်။ ပြောရရင် ကျမတို့ လောက်ပဲရှိသည်။ ဘုရားလူကြီးကတော့ ရှင်ပင်ဆတ်သွားဘုရား ပေါ် ပေါက်လာပုံကို ရှင်းပြပါသည်။ သို့ပေမယ့် သူက စာဆိုသလို ရွတ်သွား တော့ ကိုယ်လည်း တစ်ခွန်းမှ နားမလည်လိုက်။
အဲ့ဒီကတဆင့် တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကို ဆက်ဖူးကြပါသည်။ ထိုဘုရားတွင် ယခင်ရောက်ဖူးတုန်းက ဘုရားဖူးများဖြင့် စည်ကား လွန်းလှပါသည်။ ထိုစဉ်တုန်းကတော့ လာသမျှဘုရားဖူးများကို သက်သတ်လွတ်ထမင်းကျွေးပါသည်။ ယခုတော့ ဘုရားဖူးများ နည်းပါးလွန်းလှသည်။ အနည်းငယ်သာရှိသည်။ တူးဖော်လက်စ ရှေးခေတ်ဘုရားပုံစံများ၊ ပျူခေတ် အရိုးအိုးစသည်တို့ကို စနစ်တကျ ထားရှိတာတွေ့ရပါတယ်။ တချို့နေရာတွေကို ဝင်၍မရပဲ အပြင် ကနေသာ ကြည့်ရှုစေပါတယ်။ ကျမတို့ကတော့ ဘုရားဖူးပြီး နောက် ထပ်ရွှေသိမ်တော်ကို ခရီးဆက်ခဲ့ကြပါတယ်။
ရွှေသိမ်တော်ဘုရားမှာတော့ အရင်ဘုရားတွေထက် လူနည်းနည်း များတယ်။ ဒီဘုရားမှာကတော့ အဓိဌာန်ပြည့် ဆုတောင်းသူတွေ များလှပါတယ်။ စီးပွားရေးသမားတွေ၊ ကျောင်းသားမိဘတွေက သူတို့ လိုအင်ဆန္ဒပြည့်ဖို့အတွက် အဓိဌာန်ကန်တော့ပွဲတွေ ပေးကြတာ များပါတယ်။ ကျမတို့ ဘုရားဝင်းထဲ ဝင်ဝင်ချင်း ကန်တော့ပွဲဆိုင်တွေ ကနေ အပြိုင်အဆိုင်လှမ်းခေါ်ကြပါတယ်။
တစ်ခုထူးခြားတာက သူတို့ဆိုင်အနားကနေမခွာပါဘူး။ အဝေးကနေပဲ လှမ်းခေါ်ကြတာပါ။ နောက်မှသိရတာက ဂေါပကလူကြီးတွေက ကန်တော့ပွဲရောင်းတဲ့ဆိုင်တွေကို ဘုရားဖူးတွေအနီး ကပ်ခွင့်မပြုဘူး တဲ့။ ဒါလည်းကောင်းပါတယ်။ နို့မို့ဆို အတင်းလိုက်ရောင်းနေတော့ ဘုရားဖူးရတာ အဆင်မပြေပါဘူး။ ကျမတို့ကတော့ အဓိဌာန်ဖို့မဟုတ် ဘုရားဖူးသက်သက်ပဲဆိုတော့ ဘုရားကို အေးအေးဆေးဆေး ကန်တော့ခဲ့ရပါတယ်။
ဆယ်တန်းစာမေးပွဲရာသီဆိုရင်တော့ ဘုရားရင်ပြင်တစ်ခုလုံး ကန်တော့ပွဲတွေ ပြည့်ညှပ်နေတာပဲ။ ခုတော့ အနည်းအကျဉ်းပဲ ရှိပါတယ်။ ကျမကတော့ ရွှေသိမ်တော်ဘုရားမှာရောင်းတဲ့ ပုစွန်လုံးကြော်ကို အရမ်းကြိုက်ပါတယ်။ ဈေးတန်းထဲလည်းရောက်ရော အကင်သည်တွေက စိတ်ပျက်စရာ ကောင်းအောင် ကပ်ရောင်းတော့တာပါပဲ။ ဒါပေမယ့် ကလေးတွေလည်း ဗိုက်ဆာနေတော့ ဝယ်ကျွေးလိုက်ပါတယ်။
တစ်ခါဝယ်ပြီးလည်း မရဘူး။ လူစေ့တက်စေ့ကို ကပ်ရောင်းနေတော့တာ။ ကျမလည်း စိတ်တိုတိုနဲ့ မဝယ်ဘူးလို့ပြောပြီး ကားပေါ်တက်လာခဲ့တယ်။ ပြီးမှ အိမ်ကလူတွေ ဝယ်လာခဲ့တဲ့ထဲက ပုစွန်းလုံးကြော်လေးတစ်ကောင်ကို အာသာပြေစားလိုက်တယ်။ ချောင်းဆိုနေတော့ အများကြီးမစားရဲဘူး။ အမကတော့ လိုချင်တာတွေ စိတ်တိုင်းကျဝယ်လိုက်တာ အသွားတုန်းကတောင် လူကပြည့်နေတဲ့ကားက အပြန်ကျခြေချစရာ နေရာမရှိတော့ဘူး။
အားလုံးပြီးလို့ အိမ်ပြန်ရောက်တော့ ညနေ(၆)နာရီရှိပြီ။ အားလုံးလဲ ဖလက်ပြနေပြီ။ သို့ပေမယ့် နားမရသေးဘူး။ ညနေစာအတွက် ထမင်း အိုးတစ်လုံးကမန်းကတမ်းတည် ဘုရားကဝယ်လာတဲ ရေကြက်ကြော် လေးနဲ့ ညနေစာစားပြီး ခြံထဲကသယ်လာခဲ့တဲ့ နွားနို့လေးကို ထပ်ကျိုသောက်ရင်း တစ်နေကုန်ပင်ပန်းထားသမျှ အနားယူရပါတော့ တယ်။
@nweoomon
4-3-2022