နွေဦးတဖန်ပြန်ရောက်ပြီ။
ဆောင်းအကုန်နွေအကူး ဟောဒီလို စပ်ကူးမတ်ကူးကာလများ ဆိုလျှင် ကျမ စိတ်ထဲမှာ လွမ်းသလိုလို၊ ဆွေးသလိုလို ဘယ်ဆီမျှော်မှန်း လွမ်းမိသည်မသိပေ။ စိတ်ထဲမှာ ငိုချင်သလို လို ဘာလိုလိုနှင့် ဒီလိုဖြစ်တာ ခုမှမဟုတ် ဟိုး…ကလေးဘဝ ကတည်းကဆိုတာ မှတ်မိနေသည်။ ဒါ့ကြောင့်လည်း တောထဲမှာ တရားရှာသော ရဟန်းများ ဈာန်လျှောရသည်ဆိုပြီး စာအုပ်ထဲမှာဖတ်ဖူးသည်။
တောထဲမှာဆို ဘယ်လောက်တောင် လွမ်းစရာကောင်းနေ မလဲ။ ကျေးငှက်လေးတွေက တကျီကျီ၊ သစ်ရွက်ခြောက်တွေ ကြွေပြီး လေလွင့်လို့ တလူးလူးတလိမ့်လိမ့် ရာသီဉတုလေးက လည်း မပူလွန်းမအေးလွန်း၊ အဝေးဆီက တောင်တန်းများ ပေါ်က မီးခိုလေးတွေက တလူလူနှင့်ဆိုတော့ စာဖတ်သူတို့က တော့ ကျမပုံဖော်တဲ့ ရှုခင်းကို မြင်နိုင်ပါ့မလား မသိ။ ကျမကတော့ တော်တော်လေးကို လွမ်းနေပြီ။
ကျမငယ်ငယ်က လိုင်းထဲကကျမအိမ်ရှေ့မှာ သပြေပင်ရှိသည်။ အိမ်နောက်ဖေးမှာ ရေတွင်းရှိသည်။ ဗန်ဒါပင်အရိပ်အောက်က စိမ့်ရေတွင်းရေသည် အေးလွန်းလှသည်။ ခုချိန်များ ကျမတို့အိမ်က တွင်းရေအေးအေးလေးများ ချိုးလိုက်လျှင် အေးစိမ့်နေမည်မှာမလွဲ။ ဒီလိုအချိန်မျိုးဆို သပြေပင်က သပြေ သီးလေးတွေ စသီးနေပြီ။ သင်္ကြန်နားနီးလျှင်တော့ သပြေသီးတွေ မှည့်လာပြီ။ ထိုအခါ အမက သပြေပင်ပေါ်တက်ပြီး သပြေသီးတွေ ခူးကျွေးတတ်သည်။
ပြီးတော့ တန်ခူးလဆိုလျှင် မှတ်မိသလောက် လေကြီးမိုးကြီး တစ်ရက်တော့ ကျတတ်သည်။ များသောအားဖြင့် သင်္ကြန် အတက်နေ့တွင် မိုးလေကြီးတတ်သည်။ ပြီးတော့ ဒီလိုအချိန် မျိုး ကြုံပြီးရင် အတန်းတင်စာမေးပွဲကြီးဖြေဆိုရတတ်သော ကြောင့် ပျော်လွမ်းကြီးခံစားရသည်။ ဟောကြည့် လွမ်းပါတယ် ဆိုမှ တူဖြစ်သူကဘေးမှာလာပြီး ထူးအိမ်သင်ရဲ့ “ကျေးဇူးပါ မေမေ” သီချင်းလာဖွင့်နေသည်။
အခုမှ ဘယ်သူ့ကို လွမ်းနေမှန်း အမည်တပ်နိုင်တော့သည်။ အမေ့ကို လွမ်းနေတာပဲ။ လွန်ခဲ့တဲ့ငါးနှစ် ဒီလိုအချိန်တုန်း ကတော့ အမေရှိသေးသည်။ သို့ပေမယ့် သိပ်တော့ မကျန်းမာ တော့။ မောမော နေတတ်သည်။ သို့ပေမယ့် ကျမချော့မော့ ပြီးကျွေးသော ထမင်းလေးကို နည်းနည်းဖြစ်ဖြစ် ဝင်အောင် စားတတ်သည်။ ထမင်း စားပြီးလျှင်တော့ သားအမိနှစ်ယောက် ကော်ဖီကို မတ်ခွက်နှင့် ဖျော်ထားပြီး တစ်ယောက်တစ်ကျိုက် စကားပြောရင်း သောက်လေ့ရှိသည်။
အမေ့ကိုလွမ်းခြင်းနှင့် အတူ တိုက်တန်းကိုလည်း လွမ်းသည်။ အိမ်ရှေ့ဝရန်တာမှာထိုင်ပြီး မြင်ရသော ရှုခင်းများကို လွမ်း သည်။ တိုက်တန်းရှေ့က လက်ဖက်ရည်ပုံမှန်ဆိမ့်ကို လွမ်း သည်။ တိုက်တန်းထဲရောင်းတဲ့ ခေါက်ဆွဲကြော်ကိုစားချင် သည်။အာပူလျှာပူနှင့်အော်ကွေ့ကျည်ကိုလည်း တစ်ခါလောက် တော့ ထပ်စားချင်သေးသည်။
ရေပေးသောဦးလေးကြီး၏ “တိုက်(၂)အပေါ်ထပ် ရေပေးနေပြီ ဗျို့” ဆိုပြီး အော်တတ်သောအသံကို ကြားချင်သည်။ တိုက်(၁) က ရန်ပွဲဆူဆူညံညံအသံတွေလည်း မကြားရတာ ကြာချေပြီ။ ကျုံးဘေးမှာလည်း အေးအေးဆေးဆေး လမ်းလျှောက်ချင် လှပြီ။ ဘယ်အချိန်ဘယ်ကာလများကျမှပဲ အဲ့လိုပြန်နေရမှာ ပါလိမ့်။ ခုတော့ ပတ်ဝန်းကျင်သစ်မှာနေထိုင်ရင်း နေရာ ဟောင်းကို လွမ်းနေရသည်။ သားရွှေအိုးထမ်းကိန်းကာလလေး ရောက်ချင်လှပါပေါ့။
အင်း….လောလောဆယ်တော့ အန္တရာယ်ကင်းကင်းနဲ့ အသက် ရှင်နေထိုင်နိုင်ဖို့သာ လိုသည်။ ရန်မီးတွေများလှသည်။ လောဘ အပူတွေကြောင့် စစ်မီးတွေတောက်လောင်နေသည်။ အမြန် ဆုံးပြီးဆုံးပါစေလို့သာ ဆုတောင်းနေရသည်။ နောက်ထပ် ဘယ်သူကိုမှ၊ ဘယ်အရာကိုမှ ထပ်မလွမ်းချင်တော့။
လွမ်းရတဲ့ရက်ကလေးတွေ ကုန်လွန်ပါစေ။
@nweoomon
25-2-2022