ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်။ အခုနောက်ပိုင်း သင်္ကြန်ကို ငယ်တုန်းကလို မပျော်တော့။ ငဗစ် စပြီးကတည်းကလဲ သင်္ကြန်ပျောက်နေခဲ့တာပါ။ နောက်တစ်နှစ်ကျတော့လဲ ကြင်စိုး ကောင်းမှုနဲ့ သင်္ကြန်မရှိပြန်ဘူး။
သင်္ကြန်ဟာ မြန်မာလူမျိုးတွေအတွက်တော့ အရေးပါတဲ့ပွဲ တစ်ခုပါပဲလေ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီဆိုတော့ နှစ်သစ်အတွက် အားအင်အသစ်မွေးကြရပြီကိုး။ ရာသီဥတုအားဖြင့်လည်း အပူဆုံးအချိန်မှာ အေးမြသွားအောင် ရေလေတွေ ဖြန်းပက်ပေးကြတာလဲ ချစ်စရာ ဓလေ့ တစ်ခုပါပဲ။
ငယ်ငယ်တုန်းက သင်္ကြန်က ၁၂ လ ရာသီပွဲတွေထဲမှာ အပျော်ဆုံးလို့ ပြောလို့ရမယ်ထင်ပါတယ်။ အဓိကကတော့ ရေဆော့ရလို့ပါပဲ။ ကျောင်းကလဲ ပိတ်ထားပြီလေ။ လွတ်လွတ်လပ်လပ် ကဲလို့ရတာပေါ့။
ပြီးတော့ စတုဒီသာတွေလည်း လိုက်ကြိတ်ရတာကိုး။ ငယ်ငယ်က နယ်မြို့မှာ ကြီးပြီး အဲ့မှာ သင်္ကြန်တော်တော်များများ ဖြတ်သန်းခဲ့ရလို့လားတော့ မသိ၊ မြို့ကြီး သင်္ကြန်တွေထက် နယ်မှာ ပိုပျော်စရာကောင်းသလို ထင်မိတယ်။
မြို့ကြီးတွေမှာက လူပိုစည် ပွဲပိုစည်ပေမယ့် သွားလာဖို့က လိုက်ပို့မယ့် လူကြီးသူမ မပါရင် အဆင်မပြေ၊ ကိုယ့်အရပ်ဒေသမဟုတ်တဲ့ ရန်ကုန်သင်္ကြန်လိုမျိုးကလဲ ကိုယ့်ဟာကို မသွားတတ် မလာတတ်နဲ့ဆိုတော့ မလွတ်လပ်သလို ခံစားရလို့ ဖြစ်မယ်ထင်တယ်။
တောင်ကြီးကျပြန်တော့လဲ သင်္ကြန်ရက်ရောက်ရင် ကိုရွှေမိုးက အုံ့ပြီ။ နေရောင်တောင် မမြင်ရတော့။ မြင်ရတော့လဲ ခနလေး။ ပြီးတော့ လေတိုက်လိုက်တဲ့အခါ ရေစိုဝတ်နဲ့ဆို ခနလေးနဲ့ ချမ်းတော့တာပဲ။ မြို့တစ်ပတ် ပတ်ပီးရင် လူက ခိုက်ခိုက်တုန်နေပြီ။ နောက်ထပ်မြို့ တစ်ပတ်လောက်ဆိုရင် ရေခဲရိုက်ထားသလို ဖြစ်တော့မယ်။
ဒီကြားထဲ ရေခဲရေနဲ့ ဒါနပြုသူရှိရင် ငှက်ဖျားပါ ဖြစ်ချင်သလို ဖြစ်သွားတတ်သေးတယ်။ ဆိုတော့ တောင်ကြီး သင်္ကြန်ကလဲ လည်ပတ်လို့ သိပ်မကောင်း။ မိုးကပါရွာချင်ရွာသေးတာ။
နယ်မှာကတော့ မြို့ကသေးတော့ မနက် ဘုန်းကြီးကျောင်း တက်ပြီးတာနဲ့ ရေပြွတ်တွေ ရေပုံးတွေ ပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့ ခြေလျင် လျောက်သွားကြတော့တာပဲ။ စတုဒီသာတွေ့ ဝင်စား။ တွေ့တဲ့သူ အကုန်ရေလောင်း။ ပြီးရင် လူစည်တဲ့ ကြီးကြီး အိမ်ရှေ့မှာ ရေစည်ပိုင်းတွေချပြီး စခန်းထိုင်တော့တာပဲ။
ညနေကျရင်တော့ အကိုအကြီးတွေနဲ့ ထော်လာဂျီပေါ် ရေတိုင်ကီတင်ပြီး မြို့အစွန်တွေအထိ ပတ်တော့တာပါပဲ။ သူများလောင်းတာက သိပ်မစိုဘဲ ထော်လာဂျီခုန်လို့ ကိုယ့် ရေတိုင်ကီကရေနဲ့ ကိုယ် ရေချိုးပြီးသားကို ဖြစ်လို့။ ငယ်ငယ်တုန်းကတော့ အဲ့ဒီ ထော်လာဂျီ စီးရဖို့ဟာ မဟာ အခွင့်ထူးလိုပဲ။
အခုနောက်ပိုင်း အသက်ကြီးလာတော့ သင်္ကြန်ဆို အပြင်တောင် မထွက်ချင်တော့။ ရေလဲ မလောင်းချင်။ ငဗစ် မဖြစ်ခင် ရှေ့ကတည်းက ဆိုပါတော့။ တချို့တွေကတော့ အသက်ကြီးလဲ သင်္ကြန်ပိုးလေးနဲ့ ပျော်ကြတုန်း၊ ကိုယ်တွေမှာသာ ဘာလို့ ငယ်တုန်းကလို မပျော်နိုင်လဲ မသိတော့ပါ။
အခုနှစ်တွေမှာ ပိုလို့တောင် အပျော်က နည်းလာသေးတယ်မဟုတ်လား။ ကြင်စိုးတို့ တသိုက်ကတော့ ဒီနှစ် သင်္ကြန် စည်ဖို့ ကြိုးစားနေကြတယ် ထင်ပါရဲ့။ ဒီတစ်နှစ်လည်း သင်္ကြန်ကို အိမ်တွင်းအောင်းရင်း ဖြတ်သန်းရပါဦးမယ်။ နောက်နှစ်တွေမှာတော့ ပျော်စရာ သင်္ကြန်ကို ပြန်ကြုံနိုင်ဖို့ မျှော်လင့်မိပါတယ်။
Image credit : pinterest
Sai Kaung Zaw Thant
20/3/22